ပါမစ်သင်္ကြန်
အများစု ရင်ခုန်စွာ စောင့်မျှော်နေကြသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကြီးမှာ မနက်ဖြန်ဆိုလျှင် ရောက်ရှိလာတော့မည် ဖြစ်သည်။ တစ်နှစ်မှာ တစ်ခါသာနွှဲရသည့် ပွဲတော်ဖြစ်၍ မျှော်လင့်ကြီးစွာ စောင့်ဆိုင်းခဲ့ရပြီး သင်္ကြန်မှာ ပါဝင်ဆင်နွှဲဖို့ကို အချိန်ယူပြင်ဆင်ခဲ့ကြသည်။ ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ် စသည်တို့ဖြင့် ပြင်ဆင်ကြပြီ။
မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး နှစ်မြို့ဖြစ်သော ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ရေကစားမဏ္ဍပ်မှာလည်း သင်္ကြန်ပွဲတော်အတွက် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။ ဘယ်မဏ္ဍပ်တွေက ဘယ်လောက်ကြီးသည်၊ ဘယ်မဏ္ဍပ်တွေမှာ ဘယ်အနုပညာရှင်တွေရှိသလဲ စသည်ဖြင့် ယင်းမြို့ကြီးနှစ်မြို့ရှိ မဏ္ဍပ်များမှာ နှစ်စဉ် စိတ်ဝင်စားစရာ ကောင်းခဲ့သည်။ ယခုလည်း စိတ်ဝင်တစားပင် စောင့်ဆိုင်းနေကြသည်။
ယခုနှစ် ရန်ကုန်အတွက် ရေကစားမဏ္ဍပ် စုစုပေါင်း ၁ဝဝ နီးပါး ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ပေ ၁ဝဝ နှင့်အထက် မဏ္ဍပ်ကြီးများအနေဖြင့် နှစ်စဉ် စည်ကားသည့်နေရာများဖြစ်သည့် ကမ္ဘာအေးစေတီလမ်းတွင် ၁၁ ခု ကန်တော်ကြီးပတ်လမ်းတွင် ၁၃ ခုနှင့် ပြည်လမ်းတွင် လေးခုတို့ ခွင့်ပြုခဲ့သည်။
ထို့ပြင် မဏ္ဍပ်ကြီးများအနေဖြင့် အနော်ရထာလမ်း (၁၉ လမ်းနှင့် စဥ့်အိုးတန်းလမ်းကြား)၊ ပါရမီလမ်း ( မင်းလမ်းမုန့်တီဆိုင်ရှေ့)၊ ဆရာစံလမ်း၊ ဝေဇယန္တာလမ်း ( New Day ဓာတ်ဆီဆိုင်နှင့် သစ္စာလမ်းမီးပွိုင့်ကြား)၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းရှေ့၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ (Polo Club Residence ရှေ့)နှင့် Sky Star Hotel ရှေ့၊ လှိုင်မြို့နယ်(ထွေအုပ်ရုံးရှေ့)တို့တွင်လည်း ရှိမည်ဖြစ်ပြီး မဏ္ဍပ်အသေးများ ထပ်ပေါင်းလိုက်ရင် မဏ္ဍပ်စုစုပေါင်း ၁ဝဝ နီးပါး ရှိမည်ဖြစ်သည်။
မန္တလေးမြို့တွင်လည်း ကျုံးတောင်ဘက်ခြမ်း၌ မဏ္ဍပ် ၁ဝ ခု၊ ကျုံးအရှေ့ဘက်ခြမ်းတွင် မဏ္ဍပ် ၁ဝ ခု၊ အနောက်ဘက်ကျုံးနှင့် မြောက်ဘက်ကျုံးတို့တွင် မဏ္ဍပ်နှစ်ခုစီ ရှိမည်ဖြစ်ပြီး မြို့တွင်းနေရာများ နှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် မဏ္ဍပ် ၁၄ ခု ရှိမည်ဖြစ်သည်။